သူရိယ မှ ကြိုဆိုပါ၏

Friday, 18 November 2011

ကံ-ကံ၏အကျိုး( ၁ )

ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။
ကမ္မပစ္စယောတိ-“ ကုသလာ ကုသလံ ကမ္မံ ၀ိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (သဟဇာတ ကမ္မ)ကုသိုလ် အကုသိုလ် စိတ်နဲ့ ယှဉ်သော စေတနာတို့သည် ဖြစ်ပြီး ချုပ်ပျောက်ရသော သဘောရှိသည်။ ထိုသို့ ချုပ်ပျောက်သည့်တိုင် ပြီးပြီးပျောက်ပျောက် ဘာမျှ မထားခဲ့သည်မဟုတ်။ ကမ္မသတ္တိ တစ်ခု ချန်ထားခဲ့လေ့ရှိသည်။ ၄င်း ကမ္မသတ္တိသည် ကံပြုဆဲအခိုက်တွင် အကျိုး မပေး။ ခဏခြား၍သော်လည်းကောင်း ဘ၀ပေါင်းများစွာခြား၍သော်လည်းကောင်း အကျိုးဝိပါတ်အနေဖြင့် နာမ်ခန္ဓာ ၄ ပါးနှင့် ကမ္မဇရုပ်များကို ဖြစ်စေပါသည်။ ယင်းကံများကို နာနာက္ခဏိကကံ များဟုခေါ်သည်။ လက်ရှိပြုဆဲ ကုသိုလ် အကုသိုလ် စေတနာတွေကြောင့် ၄င်းနှင့်ယှဉ်ဘက် စိတ်စေတသိတ်များနှင့် စိတ္တဇရုပ်များ တစ်ပြိုင်တည်း ဖြစ်ပေါ်ခြင်းသည် သဟဇာတကံ ၏ အကျိုးဖြစ်သည်။နာနာက္ခဏိကကံများကို အမျိုးအစားခွဲလျှင် ၃ မျိုးတွေ့ရမည် ဖြစ်ပါသည်။
(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ။
ကုသိုလ် အကုသိုလ်ပြုခိုက် ပေါ်သော ဇော ၇ ချက်အနက် ပထမဇောစေတနာကြောင့် ပေါ်လာသော ကံဖြစ်သည်။ အကျိုးပေးရန် အားအနည်းဆုံးကံ ဖြစ်သည်။ လက်ရှိဘ၀ (ပထမဘ၀)တွင် ကံပြုပြီးသည်နှင့် ချက်ချင်း အကျိုးပေးသည်။ အကယ်၍ အကျိုးပေးခွင့် မရလျှင် “အဟောသိကံ” ဖြစ်သွားသည်။ ဘယ်သော်အခါမျှ အကျိုးမပေးတော့ပေ။ ဘုရား၊ ရဟန္တာများ၊ ဖလသမာပတ်ဝင်စားပြီး အလွန်စင်ကြယ်သော ပုဂ္ဂိုလ်များ စင်ကြယ်သော ပစ္စည်းပေးလှူပါက ချက်ချင်းသူဌေးဖြစ်အောင် အကျိုးပေးသည်။ ဥပမာအာဖြင့် ဘုရားရှင် လက်ထက်တော်က “မဟာဒုဂ်”၊ “ကာက၀လ္လိယ” တို့ ဖြစ်သည်။ ယခုခေတ် အခါတွင် ၄င်းပထမဇော စေတနာ၏ အကျိုးပေးစရာ မရှိတော့ဘူးလားဟု မေးလျှင် အကျိုးပေးပါသည်ဟု ဆရာတော် အရှင်ဇနကာဘိဝံသက ဖြေကြားထားပါသည်။ သို့သော် အလွန် အားနည်းလွန်း၍ မသိသာ မထင်ရှားခြင်းဖြစ်သည်။ အတိတ်ကံဖြင့် ပေါင်း၍ အကျိုးပေးတတ်သည်။ ဆရာတော် အရှင်ဇနကာ ဘိဝံသ၏ အခြေပြု ပဌာန်းကျမ်းတွင် မြောင်းထဲတွင် သာမန်စီးနေသောရေသည် အားပျော့သည် တွန့်ဆုတ်တွန့်ဆုတ်ရှိသည်။ အကယ်၍ မိုးရွာချလိုက်သောအခါ မိုးရေနှင့်အတူ ပေါင်းပြီး ဒလဟော စီးသွားသကဲ့သို့ဟု ဥပမာပေးထားပါသည်။
(၂) ဥပပဇ္ဖဝေဒနိယကံ။
ရှေ့ကပ်လျက် ဒုတိယဘ၀တွင် အကျိုးပေးမည်ကံ ဖြစ်သည်။ ဇော ၇ ချက်အနက် သတ္တမမြောက်ဇောစေတနာသည် ရှေ့လာမည့်ဘ၀ ပဋိသန္ဓေအကျိုးပေးသည်။ အကျိုးပေးခွင့် မရလျှင် အဟောသိကံဖြစ်သွားသည်။ ဇော ၇ ချက်တွင် အားအကောင်းဆုံး အကျိုးပေး အထက်မြက်ဆုံးသော စေတနာဖြစ်သည်။ ကောင်းမှုအကျိုးပေးလျှင် လူချမ်းသာဘ၀ နတ်ချမ်းသာဘ၀ကို ရောက်စေသည်။ အကုသိုလ် အကျိုးပေးလျှင်လည်း အပါယ်ငရဲသို့ ရောက်စေသည်။ ကျန်ဇောစေတနာများလို လက်ရှိဘ၀အတွင်း ချမ်းသာဆင်းရဲ အကျိုးလောက်ပေးခြင်း မဟုတ်။ လူ့ဘ၀မှ နတ်ဘ၀သို့လည်းကောင်း၊ လူ့ဘ၀မှ တိရိစ္ဆာန်ဘ၀သို့လည်းကောင်း ဘ၀အသစ်ကို သိသိသာသာ ပြောင်းလဲစေနိုင်သည်။ အကုသိုလ်စိတ်ကြောင့် သတ္တမဇော အကျိုးပေးပုံကို ဆရာတော် အရှင်ဇနကာဘိဝံသက အရှင်သာရိပုတ္တရာကိုယ်တော်ကြီး ခေါင်းရိတ်စ ကတုန်းပြောင်နေသည်ကို နန္ဒဘီလူးက ခေါင်းခေါက်ချင်စိတ် ဖြစ်လာပြီး ခေါက်လိုက်မိရာ ဘီလူးဘ၀မှ ချက်ချင်းစုတေပြီး အ၀ီစိသို့ တိုက်ရိုက် ဆင်းသွားတော့သည်ဟု ဥပမာပေး ဟောကြားထားသည်။ ခေါင်းခေါက်လိုက်သည်နှင့် ပထမဇောကြောင့် စုတေပြီး သတ္တမဇောကြောင့် အ၀ီစီတွင် ငရဲ ပဋိသန္ဓေအကျိုးပေးသည်။ ထိုသို့ လက်ရှိဘ၀တွင် ကံအမှုပြုတိုင်း ဖြစ်ပေါ်သော သတ္တမဇောများအနက် တစ်ခုသော သတ္တမဇောကြောင့် ဖြစ်သောကံက ပဋိသန္ဓေအကျိုးပေးလိုက်သည်နှင့် ကျန်သတ္တမဇောကြောင့် အကျိုးမပေးရသေးသော ကံအားလုံး အဟောသိကံ ဖြစ်သွားတော့သည်။
(၃) အပရာပရိယဝေဒနိယကံ။
မျက်မှောက်ဘ၀နှင့် ရှေ့ ဒုတိယဘ၀များမှ လွဲ၍ ကျန်ဘ၀ပေါင်းများစွာ သံသရာမှ မထွက်မချင်း အခွင့်သာသလို အကျိုးပေးမည့်ကံကိုခေါ်သည်။ ဇော ၇ ချက် အနက် အလယ်ဇော ၅ ချက် ချုပ်ပျောက်ပြီး ချန်ထားရစ်ခဲ့သော ကံများ ဖြစ်သည်။ အများပြောသည့် အတိတ်ကံများသည် အတိတ်ဘ၀များစွာက ကံပြုစဉ်ဖြစ်ပေါ်ခဲ့သော အလယ်ဇော ၅ ချက်၏ နာနာက္ခဏိက ကမ္မသတ္တိများဖြစ်သည်။ရှေ့ဘ၀ပေါင်းများစွာက ပြုခဲ့သော ပုညာဘိ၊ အပုညာဘိ သင်္ခါရများ ပြုပြီးတိုင်း ချန်ထားခဲ့သည့် နာနာက္ခဏိက ကံကြောင့်ဖြစ်သော စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းသည် ၀ိပါက၀ဋ် လည်ခြင်းဖြစ်ပြီး သဟဇာတကံကြောင့် စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းကို ကမ္မ၀ဋ် လည်ခြင်းဖြစ်ပါသည်။ ထိုသို့ အတိတ်အကျိုး ရုပ်နာမ်ခန္ဓာများပေါ် အခြေခံပြီး ပစ္စုပ္ပန် အကျိုးရုပ်နာမ်ခန္ဓာများက ကောင်းမှု မကောင်းမှုကို ဆောင်ရွက်စေရန် ညွှန်ကြားနေသူမှာ အခြားမဟုတ် အ၀ိဇ္ဖာ၊ တဏှာဦးဆောင်သော ကိလေသာ အပေါင်းအဖော်များပင် ဖြစ်သည်။ အာရုံနှင့် ဒွါရတိုက်တိုင်း ယင်းတို့ ပေါ်လာတတ်သည်။ ထိုသို့ ဖြစ်ခြင်းကို ကိလေသ၀ဋ် လည်ခြင်းဟု ခေါ်သည်။အတိတ် ဘ၀ပေါင်းများစွာကတည်းက အမှန်မသိမှု အ၀ိဇ္ဖာကြောင့် ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ခန္ဓာစဉ်ကို ငါ့ကိုယ် ငါ့ဟာဟု လွဲမှားစွာ စွဲလမ်းခဲ့သည့် တဏှာသည် ဘ၀တိုင်း ဘ၀တိုင်းတွင် စဉ်ဆက်မပြတ် အစားထိုးသွားသော ရုပ်နာမ်ခန္ဓာတိုင်းတွင် အနုသယသဘော ဗီဇသဘောနှင့် ပါလာသည်။ အတိတ်အကျိုးကို အနာဂတ် အကြောင်းဖြစ်အောင် ပြောင်းလဲ ပစ်နိုင်သော မောင်းနှင်အား ဖြစ်ပါသည်။ အကယ်၍ ရုပ်နာမ်ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်တရားကို နားလည်သဘောပေါက်သော အသိဉာဏ်ဖြစ်ပေါ်လာလျှင် ပဲ့ကိုင်ကောင်းသော လှေတစ်စင်းလို လိုရာခရီးရောက်အောင် ထိန်းကျောင်းနိုင်မည် ဖြစ်ပါသည်။ သို့မဟုတ်လျှင်ကား ပဲ့ကိုင်မရှိသော လှေတစ်စီးကဲ့သို့ ပရမ်းပတာ သွားချင်ရာသွားပြီး သံသရာ ၀ဲသြဃတွင် ဆုံးဆုံးမြုပ်ပေလိမ့်မည်။ဤနေရာတွင် ရုပ်နာမ်ခန္ဓာကို အသက်ကောင် ၀ိညာဉ်ကောင်ဟုယူဆပြီး ရှေ့ဘ၀က ၀ိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းကံ မကောင်းကံများကို လက်ရှိဘ၀တွင် ၄င်းဝိညာဉ်ကောင် ကိုယ်တိုင်ကူပြောင်းရောက်ရှိလာပြီး အကျိုးခံစားသည်ဟု မြင်လျှင် သဿတဒိဌိ ဖြစ်ပါသည်။ ထိုသို့မဟုတ် ယခင်ဘ၀က ၀ိညာဉ်ကောင်ကသတ်သတ် ယခုဘ၀ ၀ိညာဉ်ကောင်က သတ်သတ်၊ ယခင်ဘ၀ ၀ိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းမှု မကောင်းမှုကံများကို ယခုဘ၀ ၀ိညာဉ်ကောင်က ခံစားရသည်ဆိုလျှင် ဥစ္ဆေဒဒိဌိ ဟု ဆိုရပေမည်။ရုပ်နာမ်ခန္ဓာတို့သည် ခဏမဆဲ ဖြစ်လျက် ပျက်လျက်သာရှိသည်။ ထိုရုပ်နာမ်ခန္ဓာတို့ကို သာသနာပအယူကဲ့သို့ ဘ၀များစွာပြောင်း၍ မြဲနေသည့် ၀ိညာဉ်ကောင်သည်ဟု၍ လည်းကောင်း၊ ဘ၀တစ်ခုစီအတွင်းမြဲသည့် သီးခြားစီဖြစ်သော ဘ၀တစ်ခုဝိညာဉ်တစ်ခုဟုလည်းကောင်း မမှတ်ယူသင့်ပေ။ ရုပ်နာမ်ခန္ဓာတို့သည် မွေးရာမှ သေသည်အထိ စက္ကန့်မလပ် အသစ်အသစ်များ အစားထိုးနေသည်ဟု ရှုမြင်ရမည်။ ထိုသို့ အသစ်အသစ်အစားထိုးရာတွင် ဖြစ်ချင်သလို ဖြစ်နေသည်လည်းမဟုတ်၊ အကြောင်း ကံ ကောင်းခြင်း ဆိုးခြင်းပေါ် မူတည်၍ အကျိုးရုပ်နာမ်များ အကောင်းအဆိုးဖြစ်လျက် အသစ်အသစ်များ အစားထိုးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု ရှုမြင်သုံးသပ်ခြင်းတတ်သည့် ကမ္မဿကတာသမ္မာဒိဌိဉာဏ် အမြင်ရှိရန် လိုအပ်ပါသည်။ ၄င်းဉာဏ်အမြင်ကို ဗုဒ္ဓဘာသာဝင်များအဖို့ တရားနာခြင်း၊ ဆရာသမားတို့ ဆိုဆုံးမမှုဖြင့် အောက်ဆုံးထစ် မှန်းဆသိမြင်ထားသင့်ပါသည်။ ထို့ထက်ပို၍ ရုပ်နာမ်ခန္ဓာတို့၏ ကြောင်းကျိုးဆက်နွယ်နေသော သဘောတရားကို နာမရူပပဋိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက်သိမြင်ရာမှ ရရှိလာသော ကမ္မဿကတာသမ္မာဒိဌိ ဉာဏ်ဆိုလျှင်ကား အထူးဆိုဖွယ်ရာမရှိပေ။ ၄င်းခန္ဓာဉာဏ်ရောက်အမြင် ရှေ့သွားလျက် ကောင်းမှုပြုလျှင် အကျိုးဖြစ်ရာဘ၀၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်သည်ဟု ဖားအောက်ဆရာတော်ကြီး၏ကျမ်းတွင် ဖော်ပြထားပါသည်။အထက်တွင် ဖော်ပြခဲ့သလို နာနာက္ခဏိကကံသည် အတိတ်မှာ ပြုခဲ့သောကံ ဖြစ်သဖြင့် မိမိစိုက်ခဲ့သော အပင်၏ အသီးကို မိမိမစားချင်လို့ မရ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ယခု ဘ၀တွင် လက်ခံရတော့မည်။ လက်ရှိဘ၀တွင် ရုပ်အဆင်း လှခြင်း မလှခြင်း၊ အသက် ရှည်ခြင်း တိုခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ခြွေရံ များခြင်း၊ နည်းခြင်း၊ စသည်တို့မှာ ဘ၀ပေါင်းများစွာက စိုက်ခဲ့သော အပင်၏ အသီးများ ဖြစ်သည်။ ထို့ကြောင့် အတိတ်က ကုသိုလ်ကံအကျိုးပေးတော့မည် အကုသိုလ်ကံအကျိုးပေးတော့မည်ကို သာမန်လူတို့အဖို့ ကြိုတင်သိရှိရန် မလွယ်ကူပေ။ မိမိလုပ်နိုင်သည်မှာ လက်ရှိ ပစ္စုပ္ပန်အခိုက်တွင် သဟဇာတကံများကို ကောင်းမှုများသာ ဖြစ်စေခြင်းပင် ဖြစ်ပါသည်။ ယောနိကော မနသိကာရ သင့်တင့်စွာနှလုံးသွင်းပြီး ၀ီရိယ၊ ဉာဏ်အားစိုက်ထုတ်ကာ ကောင်းမှုများကို ပျိုးထောင်နေခိုက်တွင် အရိပ်သဏ္ဍန်လိုက်နေသော အကုသိုလ်တို့ အကျိုးပေးခွင့် မသာဖြစ်ရသည်။ အကျိုးပေးဦးတော့ အကုသိုလ်အသေးစားလေးတွေသာ အခွင့် သာတော့သည်။ အကယ်၍ ပစ္စုပ္ပန် ကောင်းမှု သဟဇာတကံများ အားကြီးခိုက်တွင် အတိတ်က အကုသိုလ်ကံများလုံးဝ အကျိုးပေးခွင့် မရသေးပဲ အတိတ်ကုသိုလ်ကံများသာ အုံနဲ့ကျင်းနဲ့ ထပ်လောင်း အကျိုးပေးဖို့ အခွင့်သာ သွားနိုင်သည်။လောကတွင် မကောင်းမှုများလုပ်ရင်း ချမ်းသာနေသူများရှိသလို ကောင်းမှုလုပ်နေသော်လည်း ဆင်းရဲမြဲ ဆင်းရဲနေသူများလည်း တွေ့ရပေမည်။ ယင်းမှာ အတိတ် ကုသိုလ် အကုသိုလ်ကံ အကျိုးပေး အားကြီးနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် အရာရာကို အတိတ်ကံကိုချည်း ယိုးမယ်ဖွဲ့နေ၍လည်း မဖြစ်။ ပစ္စုပ္ပန်အားထုတ်မှုက အကျိုးရလါဒ်ကို အနည်းနှင့်အများ ပြောင်းလဲစေနိုင်ပါသည်။ အထက်တွင် ဖော်ပြခဲ့သလို အတိတ်က အကုသိုလ်ကံ အကျိုးပေးလာခိုက် ပစ္စုပ္ပန် ဒိဋ္ဌဓမ္မဝေဒနိယ ကုသိုလ်ကံက အားနည်းပင် နည်းငြားသော်လည်း အကျိုးပေးမည့် အကုသိုလ်ကံ ချိနဲ့ သွားနိုင်သလို အတိတ်က ကုသိုလ်ကံ အကျိုးပေးခိုက်ကြုံလျှင်လည်း ရေမြောင်းတွင်းမှ ရေများ မိုးရေးနှင့်ရော၍ ဒလဟောစီးသလို ကုသိုလ်ကံ အကျိုးပေးက အားမောင်းသန်ဖြစ်လာမည်ကို သတိချပ်သင့်ပေသည်။အချုပ်အားဖြင့်ဆိုရသော် ကံ၊ကံ၏အကျိုးပေးပုံကို ကမ္မဿကတာသမ္မာဒိဌိဉာဏ်ဖြင့် ကျကျနန သိရှိထားပါက ဤလောကီလူ့ဘောင်၌ နေ့တစ်ဓူဝ ဆောင်ရွက်သမျှ ကိစ္စအ၀၀တွင် ယောနိကော မနသိကာရ (သင့်တင့်စွာနှလုံးသွင်းခြင်း)ဖြင့် ကောင်းမှု အစုစု နေ့စဉ်ပြုကြရင်း လောကဓံ အကောင်းအဆိုးတို့ ရိုက်ခတ်လာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် မှန်မှန်ကန်ကန် ရှုမြင်နိုင်သော ကလျာဏပုထုဇဉ်များ မလွဲဧကန် ဖြစ်လာကြမည်ဟု ယုံကြည်မိပါသည်။
ကံသတ္တိတို့ မမြင်ရပဲ လိုက်ပါကြောင်းကို သိပြီးသူများရှိသလို ဂဃနဏ မသိသေးသူများလည်း ရှိနိုင်ပါသည်။ ကံပြုစဉ်က နာနာက္ခဏိက ကံတို့သည် ဖြစ်ပြီးသည်နောက် ချုပ်ပျောက်ခဲ့ပြီ။ ခန္ဓာစဉ်တွင် ကံသတ္တိသာ မြုပ်နှံခဲ့သည်။ သို့ဆိုလျှင် အတိတ် ဘ၀ပေါင်းများစွာက အကျိုးမပေးရသေးသော ကံသတ္တိတို့ မရေမတွက်နိုင်အောင်ပါလာမည် မလွဲဖြစ်ပါသည်။ ထိုသတ္တိတို့ ခဏမဆဲ ဖြစ်နေသော ရုပ်နာမ်တိုင်းတွင် လိုက်ရှာသော် တွေ့ရမည် မဟုတ်ပါ။ ရုပ်ကိုခွဲသော် မဟာဘူတရုပ်ဓါတ် ၄ ပါး၊ နာမ်ကိုခွဲသော် နာမ်ဓါတ် ၄ ပါးသာ ရှိမည်။ ထို့ကြောင့် ပါလာကြောင်း မည်သို့ သက်သေပြမလဲ စဉ်းစားစရာရှိသည်။သရက်ပင်သည် သရက်စေ့ တစ်စေ့မှ အပင်ပေါက်လာသည်ကိုလည်း အားလုံးအသိပင်။ သရက်ပင် တစ်ပင်သည် စတင် သီးသည်မှ သေသည်အထိ သရက်သီးပေါင်း ရာပေါင်းများစွာ ထောင်ပေါင်းများစွာ သီးနိုင်မည်ကို မည်သူမျှ ငြင်းလိမ့်မည် မဟုတ်ပါ။ ထိုသရက်စေ့သည် အကြောင်းသရက်သီး။ ထိုအကြောင်း သရက်သီးထဲတွင် နောင်ဖြစ်လာမည့် အကျိုးသရက်သီး ထောင်သောင်းချီတို့၏ အမြုတေပေါင်း ထောင်သောင်းချီကို လိုက်ရှာပါက တွေ့နိုင်ပါမည်လား။ ထိုနည်းတူစွာ ခန္ဓာ ၅ ပါး ရုပ်နာမ်အစုအဝေး တစ်ခုထဲတွင် မရေမတွက်နိုင်အောင် များသော နောင်ဖြစ်လာမည့် ရုပ်နာမ်ခန္ဓာများကို ဖြစ်စေသည့် ကံသတ္တိများကို ရှာပါက တွေ့လိမ့်မည် မဟုတ်။
သရက်သီး တစ်စေ့မှ နောက်ထပ် သရက်သီပေါင်း ထောင်သောင်ချီသီးလာမည့် ဗီဇသတ္တိပါလာသည်ကို မမြင်ရပေမဲ့ သဘာဝတစ်ခုအဖြစ် လက်ခံနိုင်လျှင် ရုပ်နာမ်ခန္ဓာအစုအဝေးလေး တစ်ခုတိုင်းတစ်ခုတိုင်းတွင် နောက်ထပ် ရုပ်နာမ်ခန္ဓာလေးတွေ ထပ်၍ထပ်၍ ဖြစ်လာစေမည့် ကံသတ္တိတွေ ပါလာသည်မှာလည်း သဘာဝဖြစ်ကြောင်း မမြင်ရပေမဲ့ လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ ထိုနည်းတူ မပယ်သတ်ရသေးသော အနုသယကိလေသာတို့ ဗီဇသတ္တိဖြင့် ခန္ဓာစဉ် ကိန်းလိုက်နေသည်မှာ ယုံမှားစရာ ရှိပါဦးမည်လား။ ရှာလျှင် တွေ့မည် မဟုတ်။ အကြောင်းတိုက်ဆိုင်၍ ပေါ်လာခါမှ ရှိကြောင်းသိရမည်။
ဆက်လက်၍ အတွေးခေါင်ကြည့်ရလျှင် အကြောင်းသရက်သီးက အကျိုးသရက်သီးပဲ သီးသလို ဤလူ့ဘ၀ ရုပ်နာမ်ခန္ဓာလေးမှ နောင်ပေါ်မည့် ရုပ်နာမ်ခန္ဓာတို့သည် အမြဲတမ်း လူရုပ်နာမ်ခန္ဓာလေးများပဲ မဖြစ်သင့်ဘူးလား။ လူသေလူဖြစ်ဝါဒကို ယိုင်သွားနိုင်ပြန်သည်။ လောကတွင် နိယာမ ၅ မျိုးရှိသည်။ စိတ္တနိယာမ၊ ကမ္မနိယာမ၊ ဗီဇနိယာမ၊ ဥတုနိယာမ၊ ဓမ္မနိယာမဟူ၍ရှိရာ သတ္တ၀ါတို့သည် သရက်သီးလို ရုပ်ချည်းသက်သက်မဟုတ်။ နာမ်ခန္ဓာပါရှိသဖြင့် သရက်သီးတွင် မရှိသည့် စိတ္တနိယာမ၊ ကမ္မနိယာမတို့ သက်ရောက်မှု ခံရပါသည်။ စိတ်သည် အရောင်အသွေးစုံသလို စိတ်ကြောင့်ပေါ်ရသော ကံတရားသည် အရောင်အသွေးစုံသည်။ “ဒီလူ လူစိတ်မှ ရှိပါရဲ့လား”၊ “သူတော်ကာင်းစိတ်ရှိတဲ့သူပဲ” “ ဈာန်ချမ်းသားသည် လောကီချမ်းသာတွင် အမြင့်မြတ်ဆုံး” စသည့် စိတ်အရောင် အသွေးစုံတော့ ကံအရောင်အသွေးစုံ၊ သတ္တ၀ါတွေ ပုံသဏ္ဍန်မျိုးမျိုးကွဲရတော့သည်။ ထို့ကြောင့် လူသည် သရက်သီးလို သရက်သီးမှ သရက်သီးပဲ ဖြစ်ရမည်ဟု ကံသေကံမပြောလိုမရ။ ကံဆန်းကြယ်သလို သတ္တ၀ါမျိုးစုံ ဖြစ်နိုင်ပေသည်။ သို့ဆိုလျှင် ပြောင်းမရသော အတိတ်ကံတို့ကြောင့် ဖြစ်ချင်သလို ဖြစ်ရတော့မည်လား။
ဗုဒ္ဓဘာသာဝင်အချို့တို့တွင် ကံ ကံ၏အကျိုးကို ယုံကြည်သည်ဆိုရာတွင် အတိတ်က အရိပ်လိုလိုက်လာတဲ့ ကံသတ္တိတွေသည် ကြုံရာကျပမ်း အကျိုးပေးနေသည်၊ မိမိ ဘာမျှ မတတ်နိုင်ဆိုသည့် ပုဗ္ဗေတကဟေတုဒိဌိမျိုး မသိမသာ စွဲကပ်တတ်သည်။ အမှန်ကား ဤသို့ မဟုတ်။ မိမိအပေါ်မှာ မူတည်သလို မိမိရောက်ရှိရာ ကာလ ဒေသ အခြေအနေအချိန်အခါပေါ်လည်းမူတည်သေးသည်ဆိုတာ လက်ခံထားဖို့လိုပါသည်။ ဤကား သမ္ပတ္တိတရားလေးပါး၊ ၀ိပ္ပတ္တိတရား လေးပါးတို့ပင်တည်း။ သမ္ပတ္တိတရားသည် ဆိုင်ရာ အကြောင်းအချက်များ ပြည့်စုံမှုဖြစ်ပြီး ၀ိပ္ပတ္တိသည် ဆိုင်ရာအကြောင်းအချက်များ ချွှတ်ယွင်းမှုတို့ဖြစ်ပါသည်။
သမ္မတ္တိတရားလေးပါး
၁) ဂတိ သမ္ပတ္တိ
၂) ဥပဓိ သမ္ပတ္တိ
၃) ကာလ သမ္ပတ္တိ
၎) ပယောဂ သမ္ပတ္တိဝိပ္ပတ္တိတရား လေးပါး
၁) ဂတိ ၀ိပ္ပတ္တိ
၂) ဥပဓိ ၀ိပ္ပတ္တိ
၃) ကာလ ၀ိပ္ပတ္တိ
၎) ပယောဂ၀ိပ္ပတ္တိ
ဂတိသမ္ပတ္တိ။
လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို ဂတိသမ္ပတ္တိဟု ခေါ်သည်။ ရရှိသော ဘ၀ ကောင်းခြင်းဖြစ်သည်။ ဂတိသမ္ပတ္တိပြည့်စုံခိုက် ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရသည်။ လူဘုံတွင် ဒုက္ခမကင်းဟုဆိုရသော်လည်း အပါယ်ဘုံတို့နဲ့စာလျှင် အကုသိုလ် အကျိုးပေး များစွာ သက်သာပါသည်။ ဂတိသမ္ပတ္တိရခိုက် အာရုံများသည် အကောင်းအမွန်တို့များသည်။ ကုသိုလ်ကံများ အထိုက်အလျောက် အကျိုးပေးခွင့်ရ၍ မကောင်းသော အာရုံများ ရှောင်တိမ်းနိုင်သည်။
ဂတိဝိပ္ပတ္တိ။
အပါယ် ၄ ဘုံ သည် ဂတိဝိပ္ပတ္တိဖြစ်သည်။ ရရှိသော ဘ၀ မကောင်းခြင်း ဖြစ်သည်။ ငရဲ ပြိတ္တာတို့သည် အမြဲဒုက္ခရောက်၊ အမြဲအနှိပ်စက်ခံ၊ အမြဲပူလောင်နေရသော ဘ၀ဖြစ်လို့ အကုသိုလ်တို့ အကျိုးပေးခွင့်သာပုံမှာတော့ အထူးဆိုဖွယ်ရာမရှိပေ။ အထိုက်အလျောက် သက်သာသည်ဆိုသည့် တိရိစ္ဆာန်ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာနေရဖို့၊ တုတ်ဓါးလက်နက်ဒဏ်ခံရဖို့၊ တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်စားသောက်ခံရဖို့ စသည့် အကုသိုလ်များ အကျိုးပေးဖို့ အခွင့်မသာပေဘူးလား။ ထိုထိုဘ၀များရခိုက် အတိတ်က ကုသိုလ်ကံများ ပါနေသော်လည်း ငုပ်လျှိုးနေရပေသည်။
ဥပဓိသမ္ပတ္တိ။
ဥပဓိရုပ်ကောင်းခြင်း၊ ရုပ်အဆင်းလှခြင်းသည် ကုသိုလ်ကံ အကျိုးပေးဖို့ရာ အခွင့်သာသည်။ အထူးသဖြင့် လူဘုံတွင်ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာပြရလျှင် အလုပ် ရာထူးရွှေးချယ်ရာတွင် personality ကို စဉ်းစားရာ၌ ဥပဓိရုပ်သည်လည်း အချက်တစ်ချက် အနေဖြင့် ထည့်သွင်း စဉ်းစားသည်။ personality ကောင်းတဲ့သူသည် နုတ်ဖြေ မဖြေရသေးခင် အမှတ်က သာနေပြီ။ ယောက်ျားမှာ အချင်း၊ မိန်းမမှာ အဆင်းလို့ဆိုရိုးစကားရှိသည့်အတိုင်း ရုပ်အဆင်းလှသည့် မိန်းမအဖို့ ပြည်စုံကုံလုံတဲ့ ဘ၀ကြင်ဖော်ရဖို့ အခွင့်အလမ်းသာသည်။ ထို့အတူ ခွေးလှ၊ ကြောင်လှ၊ မြင်းလှ၊ နွားလှတို့သည်လည်း လူတို့ ချစ်ခင်မှုခံရ၍ တိရိစ္ဆာန်ချင်းယှဉ်လျှင် ကုသိုလ်ကံ အကျိုးပေး အခွင့်သာပြန်သည်။ ဥပဓိသမ္ပတ္တိကို အကာအကွယ်ယူ၍ လိမ်တတ်တဲ့သူများ တွေ့ဘူးကြားဘူးကြပါလိမ့်မည်။ ” ဒီလူကြည့်ရတာ ဥပဓိရုပ်က သနားကမားနဲ့ ဒီလို မဟုတ်တာ လုပ်မဲ့လူလို့ မထင်ခဲ့ဘူး၊ သူကစကားယုံလိုက်တာ ငါးပါးမှောက်တော့တာပဲ” ဆိုသည့် ဇာတ်လမ်းမျိုးသည် မိမိရရှိသည့် ကုသိုလ်ကံကို အကြောင်းပြုပြီး အကုသိုလ် ကျူးလွန်သူများ ဖြစ်သည်။
ဥပဓိဝိပ္ပတ္တိ။
အဆင်းမလှခြင်းသည် အထူးပြောစရာပင်မလို။ အမျိုးမြတ်က မွေးဖွားလာသည့်တိုင် ရုပ်အဆင်းမကောင်းပါက အမျိုးတူအချင်းချင်း မကြည်ဖြူနိုင်။ အညိုအငြင်ခံရသည်။ မင်းကုသ ဇာတ်တော်သည် အထင်အရှားဖြစ်ပါသည်။ ” ဟဲ့ဟဲ့ ဆိုင်ရှေ့မှာ ရပ်နေတဲ့သူကြည့်စမ်း သူခိုးဂျပိုးနဲ့တူတယ်။ သေချာကြည့်ထား” ၊ အမှန်မှာ သာမာန်ရိုးသားသောသူတစ်ဦးဖြစ်သည်။ ဥပဓိဝိပ္ပတ္တိ ကြောင့် မဟုတ်ပါလား။ “မလှ စုန်းယိုး” ဆိုသည့်စကား သည် ဥပဓိဝိပ္ပတ္တိ အကျိုး ထင်ရှားသော သာဓက ဖြစ်ပါသည်။ တိရစ္ဆာန်ဆိုလျှင် ပိုဆိုးတော့သည်။ “ခွေးဝဲစားလာမကပ်နဲ့” မြင်တဲ့သူက တုတ်ခဲတို့နှင့် အပစ်ခံရသည်။ ဘယ်သူကမှ စားကြွင်းစာကျန်တောင် မကျွှေးချင်ကြ။
ကာလသမ္ပတ္တိ။
မင်းကောင်း ခေါင်းဆောင်ကောင်းတို့ အုပ်စိုးသော ကာလဖြစ်ခြင်းကို ကာလသမ္ပတ္တိဖြစ်သည်ဟု ပြောကြသည်။ တိုင်းသူပြည်သားများ သာယာဝပြောအောင်၊ ကျန်းမာအောင်၊ ပညာတတ်အောင် စီမံဆောင်ရွက်တတ်သော မင်းကောင်း ခေါင်းဆောင်ကောင်းတို့ လက်ထက် ကုသိုလ်ကံများ အခွင့်သာသည်။ ကုသိုလ်ကံ အခွင့်သာသောကြောင့် ကောင်းသောအာရုံများကို ထိတွေ့ခံစားရသည်။ လူဆိုးဓမြများ မထကြွရဲသောကြောင့် စိုးရိမ်ကြောက်လန့်မှု ကင်းသည်။ တိုင်းသူပြည်သားတို့ စိတ်လက်ကြည်သာ ကြသည်။ လူအချင်းချင်း ရန်လိုမှုကင်းသည်။ ကောင်းမှု အစုစုတို့ တိုး၍တိုး၍လုပ်လာကြသဖြင့်လည်း ဆန်ရေစပါးပေါကြွယ်ဝသည်။
ကာလ၀ိပ္ပတ္တိ။
ပြည်တွင်း မငြိမ်မသက်ဖြစ်သည့်အခါ၊ စစ်မီးတောက်လောင်သည့်အခါသည် ကာလ၀ိပ္ပတ္တိဟု ခေါ်သည်။ ထိုအခိုက်တွင် လူတို့တွင် ရှေးရှေးက ပါလာသော အကုသိုလ်တို့ အကျိုးပေးဖို့ရာ ခေါင်းထောင်ထလာတော့သည်။ ဆန်ရေစပါး ရှားပါး၊ အငတ်ဘေးဆိုက်၊ အချင်းချင်း လုယက်၊ ပုန်းရခိုရ၊ ပြေးရလွှားရ၊ ကြောင့်ကြကြီးစွာဖြင့် နေရ၊ ချစ်သူခင်သူများနဲ့ ခွဲခွာရ၊ အနာရောဂါ ထူပြော၊ မသေသင့်ပဲ သေရ၊ မီခိုးကြွက်လျောက် အကုသိုလ်တို့ အုံနဲ့ ကျင်းနဲ့ မဖိတ်ခေါ်ပဲ ဆိုက်ရောက်လာတော့သည်။
ပယောဂသမ္ပတ္တိ။
အထက်တွင်ဖော်ပြခဲ့သော သမ္ပတ္တိ ၃ မျိုးသည် မိမိအနေနှင့် ဖန်တီးယူ၍ မရသော အရာများ ဖြစ်သည်။ ပယောဂ သမ္ပတ္တိမှာ မိမိအပေါ်လုံးဝ မူတည်နေသည်။ သတိ၊ ၀ီရိယ၊ ဉာဏ်ကို ပယောဂဟုခေါ်သည်။ ဉာဏ်ဆိုရာတွင် အပြစ်ကင်းသော အရာ၌သာပါသော ပညာချည်းသာမက၊ အကုသိုလ်ကိစ္စများတွင် ပါသော ၀ဉ္စနာပညာနှင့် အကြံကောင်းဝိတက်များကိုလည်း ဉာဏ်ဟုခေါ်သည်။ ထို့ကြောင့် မည်သည့် ကိစ္စတွင် မဆို သတိရှိခြင်း၊ သွက်လက်ချက်ချာခြင်း၊ ပါးနပ်ခြင်း၊ လိမ္မာတတ်သိခြင်းတို့သည်လည်း ပယောဂသမ္ပတ္တိများ ပင်ဖြစ်ပါသည်။ လူဘုံတွင် အကောင်းအဆိုးကံများ သင့်သလို အကျိုးပေးသည့်ဘုံ ဖြစ်သဖြင့် ကောင်းသောကံများကိုသာ အကျိုးပေးခွင့်ရစေရန် ပယောဂသမ္ပတ္တိနှင့် ပြည်စုံနေဖို့လိုပါသည်။ ပယောဂသမ္ပတ္တိသည် အတိတ်က ကုသိုလ်ကံများ အကျိုးပေးဖို့ရန် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်သည်။ ရုတ်တရက် ထီပေါက်ခြင်းမှလွဲ၍ ကျန်စီးပွါးရေးပိုင်းတွင် ရှေးကံက တမတ်သား ယခုလက်ရှိ ပယောဂသမ္ပတ္တိက သုံးမတ်သားဟု ဆရာတော် အရှင်ဇနကာဘိဝံသက ထောက်ပြခဲ့ပါသည်။ ပညာရေးပိုင်း ပယောဂသမ္ပတ္တိပြည်စုံနေလျှင် ပင်ကိုယ် ဉာဏ်နဲသူပင် သူတကာရှေ့ရောက်နိုင်ပေသည်။ လူတို့ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့် မကျန်းမာဖို့ရာ အကုသိုလ်ကံများ ထိုက်သလို အကျိုးပေးတတ်သည်။ ကျန်းမာရေးဗဟုသုတရှိပြီး နေထိုင်စားသောက်သူတို့သည် ပယောဂသမ္ပတ္တိရှိသူများ ဖြစ်ပြီး ကျန်းမာဖို့ ကုသိုလ်ကံများ အခွင့်ပိုသာသည်။
သာမန် အတိတ်အကုသိုလ်တို့ အကျိုးပေးခွင့် မရတော့ဘူးလား မေးစရာရှိပါသည်။ အတော်အတန်ကြီးသော အကုသိုလ်တို့မှ လွတ်ခွင့် မရသော်လည်း သက်သာရာရတတ်ပါသည်။ အကုသိုလ်ကံအကျိုးပေး ချိနဲ့သွားသည်။ တော်ရုံသေးသည့် အကုသိုလ်ကံများ အခွင့်မသာ ဖြစ်ရသည်။ ထို့ကြောင့် ပယောဂသမ္ပတ္တိရှိသူသည် ပညာတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ ဆရာကောင်းသမားကောင်းတွေ့တတ်သည်။ ရာထူးဂုဏ်သိန် စည်းစိမ်များရတတ်သည်။ နိဗ္ဗာန်ရသည့်ထိ အဆင့်အတန်းမြင့် သွားတော့သည်။
ပယောဂ၀ိပ္ပတ္တိ။
ပျင်းသည်၊ ထကြွလုံ့လမရှိ၊ မနာလို ၀န်တိုစိတ်များ၊ ဒေါသမာန်မာနကြီးခြင်းတို့သည် ပယောဂ၀ိပ္ပတ္တိတို့ဖြစ်သည်။ အကုသိုလ်အသေးလေးများပင် အကျိုးပေးအောင် ဖိတ်ခေါ်နေသည်။ အကယ်၍ အတိတ်ကုသိုလ်ကံ ကောင်းနေခိုက်တွင် မသိသာသော်လည်း ကံရှိန်ကုန်သည့်အခါ အမြင့်မှ ပြုတ်ကြသည့်နှယ် အထိနာပေတော့သည်။ “ခွေးရူးကောင်းစား တမွန်းတည့်” ဟု ပြောကြသည်။
အချုပ်အားဖြင့်ဆိုရသော် ဂတိသမ္ပတ္တိကောင်းလို့ လူဘ၀ရသည့်တိုင် ဆင်းရဲသော မိသားစုမှာ ပေါက်ဖွားရသည်။ ဥပဓိရုပ်မှာ အကောင်းချည်း မဟုတ်ဆိုပါစို့။ ကာလသမ္ပတ္တိလည်း ကြုံခိုက် ပယောဂသမ္ပတ္တိပြည့်စုံသူတစ်ယောက်အဖို့ ဘ၀အဆင့်တန်းသည် အတက်သာရှိ အဆင်းမရှိ။ ချမ်းသာသည့်မိသားစုမှ ပေါက်ဖွားပြီး ဥပဓိရုပ်မည်မျှကောင်းစေကာမူ ပယောဂ၀ိပ္ပတ္တိ ဖြစ်သူအဖို့ ဘ၀အဆင့်အတန်းမြင့်မူမှာ တာရှည်မခံ တချိန်မှာ တလိမ့်ကောက်ကွေး ကျတတ်သည်။ ပယောဂသမ္ပတ္တိ အမြဲပြည့်စုံနေသူအဖို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးပေးပြီး သံသရာက ထွက်သွားချိန်အထိ အခွင့်အခါစောင့်နေသော အကုသိုလ်ကံများ အကျိုးပင် မပေးလိုက်ရ။ အဟောသိကံ ဖြစ်ရတော့သည်။ ထို့ကြောင့် ပယောဂသမ္ပတ္တိရှိသူတို့သည် ကံဇာတ်ဆရာ၏ ကြိုးဆွဲသမျှ လည်စင်းခံသော လူပျော့ လူညံ့တို့မဟုတ်။ ကံကို မိမိ အလိုရှိရာရောက်အောင် ထိန်းကျောင်းနိုင်သည့် ပဲ့ကိုင်ရှင်များသာ ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။
သဒ္ဓါတရား ခေါင်းစဉ်လေးမှာ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်မှုနဲ့ပတ်သက်တာရေးပြီးတော့ ကံကံ၏အကျိုးကို ချန်လှပ်ထားခဲ့ပါသည်။ အကျယ်တ၀န်းရှင်းလင်းစေချင်၍လည်း ဖြစ်ပါသည်။ ကံကံ၏အကျိုး-၃ ထိ ဖတ်ပြီးလျှင် စာဖတ်သူတို့ ကံကံ၏အကျိုးကို အမှန်တကယ်နားလည်ပြီး သဒ္ဓါတရားအစစ်အမှန်ကိန်းဝပ်ကာ သြဃလေးပါးကို ဖြတ်ကျော်နိုင်သည်အထိ သာသနာတွင်းတရားဖြစ်သော ၀ိပဿနာတရားအားထုတ်ကာ သံသရာမှလွတ်မြောင်နိုင်အောင် ကြိုးစားအားထုတ်စေလိုစေသော ဆန္ဒအမှန်ကို ဦးစွာတိုက်တွန်းလိုပါသည်။
ယံ ကလျာဏံ ပါပကံ ကမ္မံ ကရောတိ တဿ ကမ္မဿ ဒါယဒါ ဘ၀ိဿန္တိ။
အကြင် ကောင်းမှု မကောင်းမှုတို့က ပြုလုပ်၏။ ထိုပြုလုပ်သော ကောင်းမှုကံနှင့် မကောင်းမှုကံတို့ကြောင့်၊ ထိုကံတို့၏ အမွေ (၀ါ) ထိုကံတို့နှင့် အလားတူသော ကံတို့သည်၊ ပြန်လည်ဖြစ်လာ၏။အရှင်းဆုံ်းပြောရင် ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။
န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မ စ္ဆန္နောဝ ပါဝကော။
ညှစ်ပြီးစနို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသောမီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။(ပြကတေ့= ဖြစ်ခါစ၊ ညှစ်ခါစ)
ကိုယ်ပြုလိုက်တဲ့ ကာယအမှု၊ ပြောဆိုလိုက်တဲ့ ၀စီအမှု၊ ကြံစည်လိုက်တဲ့ မနောအမှုတွေဟာ ကံမျိုးစေ့ကို စိုက်ပျိုးနေတာပါ။ ဒါတွေက မနောကသာ ဦးဆောင်လေ့ရှိပါတယ်။ ကိုယ်နှုတ်တစ်ခုခု ပြုမည်ဆိုလျှင် စိတ်သည် ဦးစွာတွေးတောလေ့ရှိပါသည်။ သည်စိတ်တွင်လည်း ဘယ်သူကစေ့ဆော်ကြောင့်ကျစိုက်သွားသလဲ ဆိုတော့ စေတနာက စေ့ဆော်တိုက်တွန်းပြီး ကြောင့်ကျစိုက်ကာ ပြုလုပ်သွားပါတယ်။ ဤသည်ကို ဗုဒ္ဓမြတ်စွာသည်စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိစေတနာကိုကံဟု ငါဘုရားသတ်မှတ်ပါတယ်။ ဥပမာ ပြဆိုရရင် ခြင်တစ်ကောင်ကို ရိုက်တယ်ဆိုပါဆို့။ ရိုက်လိုက်တဲ့လက်(ကိုယ်)ကလားဆိုတော့ ရိုက်ချင်တဲ့စိတ်က အရင်ဖြစ်လို့ လက်ကရိုက်ရတာပါ။ စိတ်ကအရင်းခံလားဆိုတော့ ရိုက်ချင်တဲ့အာရုံကြောင့်ဖြစ်ရတာပါ။ အာရုံက အရင်းခံလားဆိုတော့ သူ့ကိုဖြစ်စေတဲ့ စေတနာကြောင့်ပါ။ သေစေလိုတဲ့ စေတနာကြောင့် ရိုက်တာဖြစ်တဲ့အတွက် အကုသိုလ်ဒေါသစေတသိက်ဖြစ်ပါသည်။ စိတ်၊ စေတသိက်တို့ဟာ ဖြစ်ပြီးပျက်တတ်တဲ့သဘောရှိပေမယ့် သူတို့ရဲ့ ကံအစွမ်းသတ္တိတွေဟာ နောက်စိတ်စဉ်မှာ ချန်ရစ်သွားပြီး ကာယကံရှင်ရဲ့ ဘ၀ဆက်တိုင်းလိုက်ပါသွားပါတယ်။ ဒါကြောင့် စေတနာဟာ ကံဖြစ်တယ်လို့ ဘုရားရှင်မိန့်တော်မူပါတယ်။ ဒီလိုကံတွေရဲ့ အကျိုးပေးမြဲသဘော ဖြစ်မြဲသဘောကို ကမ္မနိယာမလို့ ခေါ်ပါတယ်။ ဒီလို စိတ်၊ စေတသိက်တွေ ကုဋေပေါင်းများစွာ ဖြစ်ဖြစ်သွားပြီး ဘ၀တစ်ခုလုံးအတွင်းမှာ နေ့စဉ်ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေပြုလုပ်မိ၊ ပြောဆိုမိ၊ ကြံစည်မိနေရင် အကုသိုလ်အာစိဏ္ဏကံတွေ ပြုလုပ်မိနေပြီဆိုတာ သတိပြုစေချင်ပါသည်။ ဒီလိုများစွာ ပြုလုပ်မိရင် သေခါနီးအချိန်မှာလည်း အကုသိုလ်အာသန္နကံ တွေကသာ အလုအယက်ပေါ်လာမယ်ဆိုတာ သေချာလှပါတယ်။ အကုသိုလ်အာသန္နကံပေါ်လို့ ဒုတိယဘ၀မှာ အကျိုးပေးသည်ဖြစ်စေ၊ ဇော(၇)ကြိမ်အနက် သတ္တမဇောကြောင့် ဒုတိယဘ၀မှာ အကုသိုလ်အကျိုးပေးတာ(ကာလ)ကို ဥပပဇ္ဇဝေဒနိယကံလို့ခေါ်ပါတယ်။ ဒါဟာ အကုသိုလ်ပြုလိုက်လို့ အကျိုးပေးတဲ့ကံနဲ့ ကာလပါ။ အလားတူပဲ မြတ်စွာဘုရားရှင်ကို ကြည်ညိုလေးမြတ်တဲ့ သဒ္ဓါတရားအရင်းခံပြီး လက်အုပ်ချီမိုးရှိခိုးလိုက်မယ်ဆိုရင် ကုသိုလ်စေတသိက်တွေဖြစ်သွားပြီး အလားတူအကျိုးပေးမှာပါပဲ။ ပစ္စုပ္ပန်အချိန်ဘ၀ (၀ါ) ယခုဘ၀နဲ့ ဒုတိယဘ၀လွဲ၍ ကျန်ဘ၀များစွာဖြစ်တဲ့ အတိတ်ဘ၀တစ်ခုခုက ပြုခဲ့ဖူးသော ကုသိုလ်၊ အကုသိုလ်တွေဟာ အလျဉ်းသင့်သလို အကျိုးပေးတဲ့ ကဋတ္တာကံကိုတော့ အပရာပရိယဝေဒနိယကံလို့ ခေါ်ဆိုပါတယ်။လက်ရှိဘ၀မှာတော့ ဒိဋ္ဌဓမ္မဝေဒနိယကံအနေဖြင့်လည်း ချက်ခြင်းလက်ငင်းအကျိုးပေးနိုင်ပါသည်။ ကောင်းမှု၌ ဒိဋ္ဌဓမ္မဝေဒနိယကံအနေဖြင့် အကျိုးပေးရာတွင်
(၁) ဘုရားရဟန္တာအရှင်မြတ်တို့သည် နိရောဓ ဖလသမာပတ်မှ နိုးထခြင်း၊
(၂) အလှူရှင်၏ထက်သန်သော စေတနာတရား၊
(၃) မိမိ၏ အလှူပစ္စည်းစင်ကြယ်ခြင်း(ဓမ္မိယလဒ္ဓ) ဆိုတဲ့ အချက်သုံးချက်နှင့်ညီရင် လက်ရှိဘ၀မှာပင် ချက်ခြင်းအကျိုးပေးမှာဖြစ်ပါသည်။
ယခုမျက်မှောက်ခေတ်မှာ မည်ကဲ့သို့အကျိုးပေးနိုင်သည်ဆိုတာကိုတော့ ဖော်ပြခဲ့ပြီးပါပြီ။ အာစိဏ္ဏကံဆိုတာ ကျွန်ုပ်တို့၏ ဘ၀သက်တန်း တစ်ခုလုံးအတွင်းမှာ နေ့စဉ်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေ အကုသိုလ်တွေကို ခေါ်ပါတယ်။ တစ်နေ့တာစာရင်းချုပ်၊ တစ်လစာစာရင်းချုပ်၊ တစ်နှစ်စာစာရင်း စသဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အကုသိုလ်အာစိဏ္ဏကံတွေသာ ကြောက်ဖွယ်လိလိ များစွာရှိနေတာကို တွေ့ရပါလိမ့်မယ်။ အာသန္နကံဆိုတာကတော့ သေခါနီးအချိန်မှာကပ်ပြီး စိတ်ထဲမှာပေါ်လာတဲ့ ကုသိုလ်တွေ အကုသိုလ်တွေကို ခေါ်ပါတယ်။ မသေခင် အကုသိုလ်အာစိဏ္ဏကံ တွေကို အလေ့အကျင့် အများဆုံးလုပ်ခဲ့ကြရင် သေခါနီးဆဲဆဲမှာ အကုသိုလ်အာသန္နကံ တွေပဲ ပေါ်လာမယ်ဆိုတာ သေချာပါသည်။ နှစ်ဟောင်းများစွာ ငါးပိထည့်တဲ့အိုးကို ဘယ်လိုပင် စယ်ကြယ်အောင်ဆေးကြောပေမယ့် အနံ့ဆိုးတွေ ထုံနေသလို၊ ဆွဲကပ်နေသလို ကျုန်ုပ်တို့ စိတ်သန္တာန်မှာ အကုသိုလ်တွေ မပျောက်ပျက်အောင် စွဲကပ်နေပါတယ်။အဲသည်လို သဘောတရားကို ပဋ္ဌာန်းနည်းအရ အာသေ၀နပစ္စည်းနဲ့ အကျိုးပြုတယ်လို့ခေါ်ပါတယ်။ အကုသိုလ်အာသန္နကံကြောင့် ရေတွင်းရေကန် စေတီပုထိုးပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းပြုစုခဲ့တဲ့ လောကီအာစိဏ္ဏကံ ကုသိုလ်ပိုင်ရှင်ကြီးဖြစ်တဲ့ သီရိဓမ္မာအသောကမင်းကြီးပင်လျှင် သေခါနီးအချိန်၌ အကုသိုလ်အာစိဏ္ဏကံကပ်ပြီး နှိပ်စက်မှုကြောင့် စပါးကြီးမြွေ ဖြစ်ရပါတယ်။ ဤသည်ကို ဒုတိယမုံရွေးဆရာတော်၏ မေတ္တာစာ၌ဇမ္ဗူဒီစိုးအုပ်၍ ၊ မင်းလုပ်သည့် အိုဘယ့်လူထီးဖြူနှင့် တလျှပ်လျှပ်၊ မြွေကြောရှည် စပါးကြီးမှာအမြီးတခတ်ခတ်။ လို့ မိန့်ဆိုထားပါသည်။ထိုမှတစ်ပါး သေခါနီးဆဲဆဲမှာ ကပ်ပြီးနှိပ်စက်တဲ့ အကုသိုလ်အာသန္နကံကြောင့် ဧရကပတ္တ နဂါးကြီးဖြစ်လာရတဲ့ ရဟန်းကြီးဝတ္ထု၊ သန်းဖြစ်လာရတဲ့ တိဿဆိုသော ရဟန်းပျို ၀တ္ထုမျိုးတွေ ရှိပါသေးတယ်။ ဤကဲ့သို့ လောကီအာစိဏ္ဏကံ ကုသိုလ်ပိုင်ရှင်ကြီးတွေပင်လျှင် သေခါနီး အခါကပ်ပြီး နှိပ်စက်တတ်တဲ့ အကုသိုလ်အာသန္နကံဘေးမှ စိတ်မချရသေးလျှင်၊ အခြားပုဂ္ဂိုလ်များအတွက် မတွေးဝင့်အောင် ဖြစ်ပါတယ်။ဒီကံအစွမ်း သတ္တိတစ်ခုစီက ဘ၀သစ်တစ်ခုဖြစ်အောင် အကျိုးပေးဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေကြတာပါ။ ဒီကံအစွမ်းသတ္တိ(၀ါ) ကမ္မသတ္တိက သစ်စေ့မျိုးစေ့တွေနဲ့ တူပါတယ်။ ညောင်ပင် တစ်ပင်က အသီးမှည့်တွေဟာ သိန်းသန်းချီပြီး အရေအတွက်ရှိကြပါတယ်။ ဒီအသီးတွေကို ငှက်တို့ သမင်တို့ ဆိတ်တို့ စားသောက်ပြီး မစင်စွန့်ကြတဲ့အခါ နေရာအနှံ့အပြားမှာ ညောင်စေ့တွေ ကျရောက်သွားကြတယ်။ ဒီညောင်စေ့တွေက ရေ၊ လေ၊ မြေ၊ အလင်းရောင် အထောင်အပံ့ရရင် အပင်ပေါက်လာကြတယ်။ ညောင်စေ့သေးသေးလေးတစ်စေ့က ဧရာမညောင်ပင်ကြီးတစ်ပင်စီဖြစ်လာရတယ်။ ကံသတ္တိဆိုတဲ့ ကံမျိုးစေ့တွေကလည်း အလားတူပဲ၊ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ အထောက်အပံ့ကိုရရင် ဘ၀သစ်တွေကို ဖြစ်ပေါ်စေပါတယ်။ မျိုးစေ့ကအပင်ပေါက်ရာမှာ ရေကအဓိကဖြစ်သလို ကံသတ္တိကနေ ဘ၀သစ်ဖြစ်ပေါ်ရာမှာ ဘ၀သစ်ကို လိုချင်တောင့်တတဲ့ တဏှာက အဓိကပဲ။ ပြီးတော့ ညောင်စေ့ကနေ ညောင်ပင်ပေါက်ပြီး သရက်စေ့ကနေ သရက်ပင်ကြီးပေါက်သလို အကုသိုလ်ကံမျိုးစေ့ကနေ အပါယ်ဘုံသား ဘ၀ပေါက်ပြီး ကုသိုလ်ကံမျိုးစေ့က လူနတ်ဆိုတဲ့ သုဂတိပေါက်ပွားလာတယ်။ထို့ကြောင့်သဒိသံ ပါကံ ဇနေတိအကြောင်းနဲ့တူတဲ့ အကျိုးကိုဖြစ်စေတတ်တယ်ယာဒိသံ ၀ပ္ပတေဗီဇံ၊ တာဒိသံ ဟရေတေ ဖလံအကြင်သို့သဘောရှိသော မျိုးစေ့ကို စိုက်ပျိုးရင် ထိုသို့သဘောရှိသော အသီးကိုဆောင်မယ်လို့ ဗုဒ္ဓမြတ်စွာမိန့်ကြားခဲ့ပါတယ်။ ဆက်လက်မိန့်ကြားသည်မှာသဗ္ဗေကမ္မဿကာ သတ္တာ၊ ကမ္မံသတ္တ ၀ိဘဇ္ဇတိ။ဟီန ပဏီတ ဘာဝါယ၊ နစိန္တာယ သမိဒ္ဓိနော။ခပ်သိမ်းသောသတ္တ၀ါတို့ဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စရှိကြကုန်တယ်။ ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံ အမျိုးမျိုးတို့ဟာ သတ္တ၀ါတွေကို ယုတ်ညံ့အောင်၊ အမျိုးမြတ်အောင်၊ ဆင်းရဲအောင်၊ ချမ်းသာအောင်၊ အကျည်းတန်အောင်၊ ချောမောလှပအောင် အမျိုးမျိုးအဖုံဖုံပြုပြင်စီစဉ်ပေးကြတယ်။ ဒါကြောင့် သတ္တ၀ါတွေသာ ကာမဂုဏ်စည်းစိမ်ဂုဏ်သိန်ရိပ်ငြိမ်များကို ခံစားပျော်ပါးချင်ကြပါသော်လည်း ကံမတူသောအခါ တောင်းတိုင်းမရ တ တိုင်းမပေါ် အကြံချော်ပြီး အမြော်စွမ်းဟုန် မပြည့်စုံဘဲ ရှိကြလေကုန်သည်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ဤကဲ့သို့ လောကမှာ သတ္တ၀ါတွေ ဘ၀အမျိုးမျိုး ဆင်းရဲချမ်းသာအစားစား အဆင့်အတန်းတွေကွဲပြားနေကြတာကို ကံသဘောနဲ့ အကျေနပ်ဆုံးဖြစ်အောင် ရှင်းပြနိုင်တယ်။ ကမ္မ၀ိဘင်္ဂသုတ်တော်မှာ သုဘလုလင် လျှောက်ထား၍ မြတ်စွာဘုရားဖြေကြားတော်မူခဲ့ပါတယ်။အရှင်ဘုရား…လောကမှာ လူဖြစ်ချင်းတူပါလျက် တချို့က အသက်ရှည်ပြီး တချို့က အသက်တိုကြတယ်၊ တချို့က အနာကင်းပြီး တချို့က အနာရောဂါထူပြောကြပါတယ်၊ တချို့က အမျိုးမြတ်ပြီး တချို့က အမျိုးယုတ်ကြပါတယ်၊ တချို့က ချမ်းသာပြီး တချို့က ဆင်းရဲကြပါတယ်၊ တချို့က ရုပ်လှပြီး တချို့က အကျည်းတန်ကြတယ်၊ တချို့က ဉာဏ်ပညာထက်မြက်ပြီး တချို့က ဉာဏ်ပညာထုံထိုင်းကြပါတယ်၊ ဒါတွေဟာ ဘယ်အကြောင်းကြောင့်ဖြစ်ရတာပါလဲဘုရား..။သုဘလုလင်…ကံက သတ္တ၀ါတွေကို အမျိုးမျိုးအဖုံဖုံဝေဖန်ပိုင်းခြားထားပါတယ်၊ အတိတ်က သူတစ်ပါးအသက်သတ်ခဲ့တဲ့ သူတွေဟာ ဒီဘ၀မှာ အသက်တိုကြတယ်၊ သူ့အသက်သတ်ခြင်းကို ရှောင်ကျဉ်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အသက်ရှည်ကြပါတယ်၊ အတိတ်က သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အနာရောဂါများကြတယ်၊ ညှင်းပန်းနှိပ်စက်မှုကို ရှောင်ကြဉ်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အနာရောဂါကင်းကြပါတယ်။သုဘလုလင်…အတိတ်ကမာနကြီးတဲ့သူတွေဟာ ဒီဘ၀မှာ အမျိုးယုတ်ညံ့ကြရတယ်၊ မိမိကိုယ်ကို နှိပ့်ချခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အမျိုးမြတ်ကြတယ်၊ အတိတ်က ပေးကမ်းလှူဒါန်းခဲ့တဲ့သူတွေမှာ ဒီဘ၀မှာ ချမ်းသာကြရတယ်၊ မပေးကမ်းမလှူဒါန်းခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ ဆင်းရဲကြရတယ်။ အတိတ်က ဒေါသကြီးခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ အရုပ်ဆိုးကြရတယ်၊ အတိတ်က သည်းခံခဲ့ကြတဲ့ သူတွေဟာ ဒီဘ၀မှာ ရုပ်အဆင်းလှပကြရတယ်။သုဘလုလင်…အတိတ်ကမနာလိုဝန်တိုကြသူတွေဟာ ဒီဘ၀မှာ အခြွေအရံနည်းကြတယ်၊ မနာလိုဝန်တိုမှုမဖြစ်ခဲ့တဲ့သူတို့ဟာ ဒီဘ၀မှာ အခြွေအရံများကြတယ်၊ အတိတ်က ရှာဖွေစူးစမ်းမှုတွေကို အများအပြားလုပ်ခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ ဉာဏ်ပညာကြီးကြတယ်၊ ရှာဖွေစူးစမ်းမှုမပြုခဲ့တဲ့သူတွေဟာ ဒီဘ၀မှာ ဉာဏ်ပညာနည်းကျရတယ်။ ဤသို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ဓမ္မပဒကထာ၌လည်း ပြစ်မှားလိုတဲ့ စိတ်နဲ့ပဲဖြစ်ဖြစ်၊ ကြည်လင်သန့်ရှင်းတဲ့စိတ်နဲ့ ဖြစ်ဖြစ် ပြုလုပ်မိ ပြောဆိုမိ ကြံစည်မိ လျှင် အစဉ်တစိုက်ပြန်၍ လိုက်တတ်ပေသည်ကို-
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။
နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။အချုပ်အားဖြင့်ဆိုရသော် ဖြစ်ပြီးတဲ့ အကုသိုလ်တရားတွေ ပပျောက်အောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကိုလဲ နောက်ထပ်မဖြစ်ရအောင် အားထုတ်ရမယ်လို့ သတိပေးသောအားဖြင့် သမ္မပ္ပဓါန်တရားလေးပါး၌ -ဥပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ၀ါယမော၊အနုပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ၀ါယမော။ လို့ ဟောတော်မူခဲ့ပါတယ်။ဒီလို အကုသိုလ်တရားတွေ ပပျောက်အောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကိုလဲ နောက်ထပ်မဖြစ်ရအောင် တားဆီးခုတ်ထွင် သုတ်သင်နိုင်တဲ့ အင်အားအလွန်ကောင်းသော ကုသိုလ်ကံကတော့ တစ်ခြားကို အတွေးချော်ပြီး အမှတ်မမှားကြပါနဲ့၊ လောကုတ္တရာဆိုတဲ့ မဂ်တရားပါပင် ဖြစ်ပါသည်။ သာဓကအားဖြင့်ကြည့်သော် ရာဇဂြိုလ်ပြည်က တမ္ပဒါဋ္ဌိက လူသတ်ယောကျာင်္း သည် ၅၅နှစ်တိုင်တိုင် ရာဇ၀တ်သင့်သူတွေကို သတ်ဖြစ်ပြီး အမှုထမ်းခဲ့ရာမှ အငြိမ်းစားယူတဲ့နေ့မှာ ရှင်သာရိပုတ္တရာ၏ လောကုတ္တရာတရားတော် အနည်းငယ်မျှ ကြားနာရပြီး သောတာပတ္တိမဂ်၏အနီး အနုလောမခန္တီ(ယခုအခေါ် စူဠသောတပန်) အဖြစ်ရောက်သွားပါတယ်။ ထိုမှပင် စုတိစိတ်ကျပြီး နတ်ပြည်သို့ရောက်ကြောင်းကို ဓမ္မပဒပါဠိတော် တမ္ပဒါဋ္ဌိက စောရဃာတက၀တ္ထု မှာ ဟောတော်မူခဲ့ပါတယ်။ ကျုန်ုပ်တို့ သန္တာန်ကစိတ်များကို စာရင်းချုပ်မယ်ဆိုရင် အကုသိုလ် အာသန္နကံ နှိပ်စက်ခြင်းဘေးမှ ကင်းဝေးနိုင်ရန် အလွန်အမင်း ထိတ်လန့်စရာပါ။ စိတ်ချ လက်ချ အားကိုးရာအစစ်ကို ရှာဖွေကြပါ။ ဒါဆိုရင် တစ်ခြားကို မကြည့်ပါနဲ့ မဖြစ်ဘူးသေးတဲ့ မလုပ်ဘူးသေးတဲ့ ၀ိပဿနာ တရားပါပဲ။ ၀ိပဿနာတရားအားထုတ်လို့ ယခုဘ၀မှာဘဲ တမဂ် တဖိုလ် မရနိုင်ပါသော်လည်း သေခါနီးမှာ အကုသိုလ် အာသန္နကံ မနှိပ်စက်နိုင်၊ သုဂတိဘုံသို့သာ ရောက်နိုင်ကြောင်းကို ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၌-ဒမ္ပန ပဋိပတ္တိ နိဿာယ ဒိဋ္ဌေ၀ ဓမ္မေ အမတပရိယောသာနံ အနဘိသမ္ဘူနန္တော သုဂတိပရာယနော ဟောတိ။ဝိပဿနာတရားကို ကြိုးစားအားထုတ်ခြင်းဖြင့် ယခုဘ၀မှာပင် တမဂ် တဖိုလ် မရနိုင် မရောက်နိုင်ပါသော်လည်း သေခါနီးဆဲဆဲမှာ အကုသိုလ် အာသန္နကံ ကပ်ပြီး တော့ မနှိပ်စက်နိုင်ပါ။ ကောင်းရာ သုဂတိဘ၀သို့သာ အမှန် ရောက်ရမယ် လို့ ဆိုပါတယ်။ ထို့ကြောင့် အကုသိုလ်တွေကို ပယ်ဖျောက်သုတ်သင် ခုတ်ထွင် ရှင်းလင်းပြီး အပါယ်ဘေးကြီးမှ တကယ်အေးစေနိုင်တဲ့ ၀ိပဿနာ တရားတော်မြတ်ကို အပတ်တကုပ်ကြိုးစား အားထုတ်ရန် ကောင်းမြတ်သော စိတ်ထားဖြင့် ဓမ္မဒါနပြုအပ်ပါသည် သပ္ပုရိသ သူတော်ကောင်းအပေါင်းတို့…။
သူတော်ကောင်းအပေါင်းတို့ စာဖတ်၍နားမလည်ခဲ့သည်ရှိသော် အောက်ဖော်ပြပါနှင့် ဆက်စပ်ကြည့်လျှင် နားလည်လိမ့်မည်ဟု ယူဆမိပါသည်။အကျိုးပေးသောကံများ
(၁) ဂရုကံ
(၂) အာစိဏ္ဏကံ
(၃) အာသန္နကံ
(၄) ကဋတ္တာကံ
အကျိုးပေးသောကာလခေါ်ဆိုမှု
(၁) ဒိဋ္ဌဓမ္မဝေဒနိယက
ံ(၂) ဥပပဇ္ဇဝေဒနိယကံ
(၃) အပရာပရိယဝေဒနိယကံ
ပြုလုပ်မှု ဇော(၇)ခု(အဘိဓမ္မာ စိတ်၊ စေတသိက်တွင် စိတ်တစ်ခုဖြစ်တိုင်း ဇောစေတနာအပါအ၀င် စေတသိက်(၇)လုံး ယှဉ်စပ်မှ အာရုံယူခြင်းကိစ္စ ပြီးမြောက်၏)
(၁) ပထမဇော(စေတနာ)
(၂) အလယ်ငါးဇော
(၃) သတ္တမဇော

Thursday, 17 November 2011


gmail inbox ထဲကနှိင်ငံခြားဖုန်းမတ်ဆေ့ ပို့ ချင်သူများအတွက်နည်းလမ်းလေးပေးလိုက်တယ်နော်သူငယ်ချင်းတိုသိပြီးသားဆိုရင်လဲခွင့်လွှတ်ပေးပါ

အရင်ဆုံးgmailကိုဖွင့်လိုက်ပါပြီးရင်Mail settings ထဲကိုဝင်လိုက်ပါဗျာဝင်ပြီးပြီးဆိုပါကအဲ့ မှာ Labs ဆိုတာလေးကိုတွေ့ လိမ့် ဗျာတွေ့ တယ်ဆိုရင်အကြောင်းပြန်မတွေ့ ရင်လဲမလုပ်နဲ့ ပေါ့ဗျာ(နောက်တာနော်ဟဲဟဲ)အဲ့ မှာLabsလေးကိုတွေ့ ပြီးဆိုရင်ထောက်ပြီးကလစ်နှိပ်လိုက်
ပြီးရင်အဲ့ မှာSMS in Chat gadget ဆိုတဲ့ အကွက်လေးတွေ့ လိမ့် မယ်အဲ့  ဒါလေးကိုEnable လုပ်ပြီး Save Changes လုပ်လိုက်ပါပြီးရင်

 Mail inbox က restart ကျသွားပါလိမ့် မယ်ပြန်တက်လာရင်တော့သူငယ်ချင်းတို့ မေးထဲကinvite  a friends နားမှာ Send SMS ဆိုတဲ့ 
အကွက်လေးတစ်ကွက်ပေါ်လာပါလိမ့် မယ်အဲ့ လိုပေါ်လာရင်တော့နှိင်ငံခြားဖုန်းနံပတ်တစ်ခုကိုအဲ့ မှာရိုက်ထဲလ